ချောက်တွင် ပေါ်တာဆွဲခံရသည့် ကိုရီးယားဘာသာစကားသင်တန်းကျောင်းမှ လူငယ်များအား စစ်တပ်မှ ငွေကျပ်သိန်း ၇၀ အထိ တောင်းပြီး ပြန်လွှတ်

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ကိုရီးယားဘာသာစကားသင်တန်းတက်ရောက်နေတဲ့ လူငယ် ၁၃ ယောက်ကို ပခုက္ကူတပ်မ ၁၀၁ က ဗိုလ်မှူး ၁ ယောက်ရဲ့ အမိန့်နဲ့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး တစ်ယောက်ချင်းစီအတွက် ငွေကျပ် သိန်း ၇၀ အထိ တောင်းခံခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းက ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းတစ်ခုကို စစ်အုပ်စုအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သင်တန်းတက်ရောက်နေတဲ့ ကျောင်းသား ၁၃ ယောက်ကို ပေါ်တာတွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေကို ချောက်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်အပါ ငွေကျပ်သိန်း ၇၀ အထိ တောင်းယူပြီး မိဘတွေကို ရွေးယူခိုင်းခဲ့တယ်လို့ သိရပါတယ်

အဆိုပါလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ဗိုလ်မှူးတင်ထွန်းဦးက ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

“ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။