ငွေတောင်ရွာသစ်တိုက်ပွဲမှာ ရှမ်းတောင် (ကယား) ကရင်နီတိုင်းစစ်ဌာန ရဲဘော် ၂ ဦး ကျဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇) တပ်ရင်းက ရဲဘော်သက်အောင် (ခ) အောင်ပုနဲ့ ရဲဘော်ဒိုးအီ ကျဆုံးခဲ့တယ်လို့ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း ရဲဘော်သက်အောင် (ခ) အောင်ပုက ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ကျဆုံးခဲ့ရတာဖြစ်ပြီး ရဲဘော်ဒိုးအီကတော့ စက်တင်ဘာလ ၈ ရက်နေ့မှာ ကျဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

“ငွေတောင်ရွာသစ်ဘက် ရှေ့တန်းမှာ ကျဆုံးသွားခဲ့တာပါ။ စစ်တပ်ရဲ့အင်အားက ငွေတောင်ရွာသစ် တောင်ကြောနှင့် မြေပြန့်ငွေတောင်ရွာသစ်မှာ ဖြန့်ထားတယ်။ ငွေတောင်ရွာသစ်မှာ နှစ်ခေါက် ထိတွေ့မှုဖြစ်ခဲ့တာရှိတယ်။ နောက်ပိုင်း သူတို့အင်အား ပတိုငံရွာအထိ ဖြန့်ထားတယ်။ အတိုက်ခံရတော့ သူတို့ ပြန်ဆုတ်သွားတယ်။ အင်အားတော့ မခန့်မှန်းနိုင်ဘူး” လို့ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကျဆုံးသွားခဲ့တဲ့ ရဲဘော် သက်အောင်ရဲ့ ဈာပနအခမ်းအနားကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပြီး ရဲဘော် ဒိုးအီရဲ့ ဈာပနအခမ်းအနားကိုတော့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်ပေးခဲ့ပါတယ်။