ထမင်းမစားရွာစခန်းပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုက ၁၅ ဦးထက်မနည်းသေဆုံး

ကရင်အမျိုးသားအစည်းအရုံး‎(KNU) ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ထမင်းမစားရွာစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်ကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ အကြမ်းဖက်စစ်အုပ်စုက ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ထမင်းမစားရွာ စခန်းးကို ပြန်ရရှိဖို့အတွက် စက်တင်ဘာ ၉ ရက်မှာ စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်တွေ အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးပြီး စက်တင်ဘာ ၁၀ ရက်မှာ နောက်ပြန်ဆုတ်သွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်အသိပေးထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ၊ တပ်မဟာ(၄) လက်အောက်ခံ KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၈ ရက် မနက် ၇ နာရီမှာ ထမင်းမစားရွာမှာ တပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်ထားတာပါ။