ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် စိုးရိမ်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

အကြမ်းဖက်စစ်တပ်၏ မတရား ဖမ်းဆီးမှု ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ Kim Aris နှင့် အွန်လိုင်းမှ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုသည်။

Kim Aris က ယနေ့တွင် ဖက်ဒရယ်မြန်မာပြည်အတွက် ညီညွတ်ခိုင်မာသော အင် အား ဟု အမည်တပ်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်တွေ့ဆုံခဲ့မှုကို သတင်းထုတ်ပြန်ခဲ့ပြီး ယင်းသတင်းထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကိုလည်း စိုးရိမ်သည်ဟု ထုတ်ဖော်ပြောဆိုကြောင်း သတင်းထုတ်ပြန်ထားသည်။

“မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်အ။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံ ကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်” ဟု Kim Aris က သတင်းထုတ်ပြန်သည်။

လတ်တလော ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးထူးကုနှင့်ပြသခွင့်ရရန် တောင်းဆိုထားသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း Kim Aris က အမေဖြစ်သူ၏ ကျန်းမာရေးကို ဗီဒီယိုသတင်းစကားဖြင့် အသိပေးထားသည်။