မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါ အထူးကုဆရာဝန်ဖြင့် ပြသရန် တောင်း ဆိုသော်လည်း စစ်တပ်က ငြင်းဆန်ထားကြောင်း ဗြိတိန်အခြေ စိုက် The Independent သတင်းဌာနက သတင်းဖော်ပြသည်။
အသက် ၈၀ နှစ်ရှိနေပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာ ခံစားနေရကြောင်း၊ နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသရန် တောင်းဆိုသော်လည်း စစ်တပ်က ငြင်းပယ်ထားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နိုင်ငံရေး အခန်းကဏ္ဍ ရည်ရွယ်ချက်ရှိရှိ အဆုံးသတ်စေရန် လုပ်ဆောင်ထားပြီး နေပြည် တော်ရှိ တောတွင်း အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်ဟု The Independent က ဆိုသည်။
