နန်းစောင်းပုရွာသစ်မှ စစ်ကော်မရှင်အဖွဲ့ဝင်နှင့် အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ (၇) ဦး ဖမ်းဆီးရ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား မိမိတို့ဘက်မှ စက်တင်ဘာလ (၂) ရက်တွင် တိုက်ခိုက်ခဲ့ရာ သုံ့ပန်း (၇) ဦး ဖမ်းဆီးရမိပြီး အလောင်း (၄) လောင်းနှင့် လက်နက် (၅) လက် သိမ်းဆည်းရမိသည်။
စစ်ကော်မရှင်ဘက်မှ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့် ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။
ရန်သူ့အဖွဲ့အား ကလေးခရိုင် ကွပ်ကဲရေးမှူး ဦးစီးသည့် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နှင့် Zoland PDF ပူးပေါင်းအဖွဲ့တို့မှ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်ထံမှ MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနှင့် မူးယစ်ဆေး အမျိုးအစား (၃) မျိုး သိမ်းဆည်းရမိသည်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးချတိုက်ခိုက်ခြင်းများအား နေ့စဉ်ပြုလုပ်ခဲ့ပြီး လေကြောင်း တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သည်။ စစ်ကော်မရှင်သည် ကလေးခရိုင်အတွင်း အိန္ဒိယ နိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့များအား ယခုနှစ် ဩဂုတ်လမှ စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအဖွဲ့များသည် ဩဂုတ်လအတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းမှ စုန်ဆင်းလာသော သင်္ဘောများဖြင့် ပါလာခဲ့ခြင်းဖြစ်သည်။