မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိရဖို့အတွက် တိုက်ရိုက်ဆက် သွယ်ခွင့်ပေးဖို့ အကြမ်းဖက်စစ်အုပ်စုကို ကင်အဲရစ် (ခေါ်) ကိုထိန်လင်း က ဒီနေ့မှာတောင်းဆိုလိုက်ပါတယ်။
“စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး”ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ် ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်။ ဒီလိုဆက်သွယ်ခွင့်မရှိရင် သူတို့ပြောဆိုချက်ကို လက်ခံယုံ ကြည်လို့ မရပါဘူး။ မေမေ့ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက် ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး၊ ငြင်းဆိုနေတာဟာ လုံးဝမလက်ခံ နိုင်ပါ။” လို့ ကိုထိန်လင်း က ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ပြောရေးဆိုခွင့်ပေးထားသူ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းက မှန်ကန်မှုမရှိဘူးလို့ ပြောကြား ခဲ့တာပါ။
“အသက် ၈၀ အရွယ် ကျွန်တော်မေမေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင် အခြေအနေ တွေက မေမေ့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အသေအချာပါ။ မေမေဟာ သူ့ရဲ့အခြေခံ လူ့အခွင့် အရေးတွေကို ပိတ်ဆို့ခံနေရပါတယ်။ မြန်မာပြည်သူတွေ၊ မေမေ့ရဲ့ မိသားစုတွေနဲ့ ကမ္ဘာတဝှမ်းက မေမေ့အကြောင်းသိလိုသူတွေဟာ မေမေရဲ့ အမှန်တကယ် အခြေအနေကို သိခွင့်ရှိတယ်။ မေမေ့မှာလဲ အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒီအခြေခံအခွင့်အရေးတွေကို ပိတ်ပင်ထားတာဟာ ငြင်းမရတဲ့ ရက်စက်မှုကြီး ဖြစ်တယ်။” လို့ ကိုထိန်လင်းက ပြောပါတယ်။
