ထိုင်း – မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူလိုက်ပြီးနောက် BGF တပ်ဖွဲ့ဝင်တွေကို မြဝတီမြို့ တံတားအောက်ကနေ ဖယ်ရှားလိုက်တယ်လို့ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
စက်တင်ဘာ ၆ ရက်ကစပြီး မြဝတီမြို့ဝင်ပေါက်ဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်နယ် ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီးတဲ့နောက် မြဝတီမြို့ထဲမှာလည်းစစ်ကောင်စီတပ်က အင်အားဖြန့်ကျက်ပြီးတပ်စွဲနေရာယူတာတွေရှိလာတာပါ။

မြ၀တီမြို့ပေါ်မှာ မြို့လုံခြုံရေးကို အဓိကယူထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေ ရှိသလို အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ အပစ်ရပ်အဖွဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC)အဖွဲ့တို့လည်း ရှိကြပြီး သွားလာလှုပ်ရှားလျက်ရှိကြပါတယ်။
ဒီရက်ပိုင်းအတွင်း ကရင်နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးယူထားတဲ့ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအောက် ကို စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်ပြီးတဲ့နောက် BGF တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားခိုင်းလိုက်တာ လို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
