လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့‌ဝင်တွေအပါ အင်အား ၄၀ ကျော်တပ်စွဲထားတဲ့ ထမင်းမစားရွာက စစ်အုပ်စုစခန်းကိုသိမ်းယူ

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ်အတွင်းက ထမင်းမစားရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုစခန်းကို KNLAနဲ့ပူးပေါင်းတပ်တွေက ဒီနေ့ မနက် ၇နာရီအချိန်မှာ သိမ်းယူလိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး-KNUက သိရပါတယ်။

အခုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ တပ်စခန်းဟာ ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေနဲ့ တပ်ဖွဲ့ဝင်စုစုပေါင်း (၄၀)ကျော် တပ်စွဲထားတဲ့တပ်စခန်းဖြစ်တယ်လို့ KNUက ထုတ်ပြန်တာပါ။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၄) လက်အောက်ခံ KNDOတပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဖော်ဆောင်တာဖြစ်ပြီး လက်နက်တွေလည်းရရှိခဲ့ပါတယ်။