သပိတ်ကျင်းတွင် စစ်တပ်ဗုံးကြဲသဖြင့် ကလေးငယ် ၁ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို ဒီကနေ့ စက်တင်ဘာ ၇ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တယောက် သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေအိမ်အတွင်းက စာသင်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့ပြီး ကလေးငယ် ၅ ယော က် အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမရှိဘဲ အရပ်သားပစ်မှတ်တွေဖြစ်တဲ့ နေအိမ်နဲ့ ဆေးရုံ၊ စာသင်ကျောင်းတွေကို ဦးတည်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုမြောက်ကြောင်း၊ အာဏာသိမ်းစစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ ပြင်းထန်စွာရူတ်ချကြောင်း မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။