အောင်ဇေယျ စစ်ကြောင်းက အင်အားဖြည့်ပြီး ထိုးစစ်ပြုလုပ်လာခြင်းကြောင့် ၃၂ ဗျူဟာက စခန်းအချို့ နောက်ဆုတ်ပေးခဲ့ရ

စစ်ကော်မရှင်လက်အောက်ခံ အောင်ဇေယျစစ်ကြောင်းက အင်အားဖြည့်ပြီး အာရှလမ်းမကြီးကို ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာခြင်းကြောင့် ဗိုလ်တာဘောဦးဆောင်သည့် ၃၂ဗျူဟာက စခန်းအချို့နောက်ဆုတ်ပေးခဲ့ရကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။

ယမန်နေ့( စက်တင်ဘာ ၄ရက်)၊ ညနက်ပိုင်း(စက်တင်ဘာ ၅ရက် နံနက်အစောပိုင်း)တွင် အောင်ဇေယျစစ်ကြောင်းက လက်နက်ကြီးများစွာ ပစ်ခတ်ပြီးနောက် အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်ဘက်မှ အတွင်းကွင်းကလေးကျေးရွာသို့ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ကွင်းလေးဘက်ကို ဖောက်ဝင်လာတာကတော့ အင်အား လေးငါးရာလောက်ရှိတယ်။ ကျတော်တို့ ၃၂ ဗျူဟာက အကုန်နောက်ဆုတ်ပေးလိုက်ရတယ်” ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

၃၂ ဗျူဟာသည် ကော်ဘရာစစ်ကြောင်းနှင့် ဗီနွန်စစ်ကြောင်းတို့ ပူးပေါင်းထားသည့် ဗျူဟာဖြစ်ပြီး KNU တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကော်မရှင်တပ်များကို ပြောင်မြောက်စွာ ခုခံတွန်းလှန်နေသည့် ဗိုလ်တာဘောဦးဆောင်သည့် ဗျူဟာတစ်ခုလည်းဖြစ်သည်။