ဆက်ကြေးကောက်မည့် ပျူများကို ကြားဖြတ်တိုက်ခိုက်၊ ၈ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုး (တောင်)ရွာရှိ ပျူစောထီးတပ်ဖွဲ့ဝင်တွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ စိန်ဗေဒါတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၈ရက် ဒီမနက် ၇နာရီခွဲကျော်လောက်မှာ ဝက်တိုးရွာကနေ ကာဘိုးကျေးရွာဆီ ဆက်ကြေးကောက်ဖို့ အင်အား ၁၂ယောက်နဲ့ ထွက်လာတဲ့ ပျူစောထီးတွေကို တော်လှန်ရေးတပ်တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ ပစ်ခတ်မှုအတွင်း ပျူစောထီးတပ်ဖွဲ့ဝင် ၈ယောက် သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုတင်သတင်းရလို့ သွားစောင့်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်နေချိန်မှာ ဒရုန်းနဲ့ လာရောက်ပစ်ကူတာမျိုးတော့ မရှိဘူး။ ကာဘိုးနဲ့ ဝက်တိုးကနေတော့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်” လို့ စိန်ဗေဒါတပ်ဖွဲ့ခေါင်းဆောင်က မောင်းကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ပျူစောထီးတွေထံက G (3) ၁လက်၊ MA (1) ၁လက်၊ ကာဘိုင် ၂လက်နဲ့ ပြောင်းချောအမျိုးအစား ဂျောက် ၁လက်၊ စုစုပေါင်း သေနတ် ၅ လက်သိမ်းဆည်းရရှိခဲ့သလို ကျည်နဲ့ ကျည်ဘောက်တွေ၊ ဆက်သွယ်ရေးစက် ၁လုံး၊ ဖုန်း ၁လုံး၊ ဘေးလွယ်အိတ် ၂လုံး သိမ်းဆည်းရရှိခဲ့ပါတယ်။