စကခ(၂၁)အနီး တပ်ရင်းအချို့ စစ်တပ်ပြန်ရသော်လည်း ဗန်းမော်မြို့နေရာအများအပြားထိန်းချုပ်ထားဟု KIA ပြော

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အနီး စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၂ခုကို စက်တင်ဘာ ၁၁ညနေပိုင်းတွင် လက်လွှတ်ခဲ့ရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
စစ်ကောင်စီတပ်က ဗန်းမော်မြို့အနီး တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်နိုင်ကြောင်းသတင်းထုတ်ပြန်ခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ပြောကြားသည်။
“မနေ့က စက်တင်ဘာ ၁၁ရက်နေ့ ညနေပိုင်းလောက်မှာ စကခ(၂၁) ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတို့ရဲ့ သံချပ်ကာတပ်တို့ နောက် ခလရ(၂၃၆)တို့ သူတို့ ပြန်ရသွားတဲ့ အနေအထားရှိပါတယ်။ အခြား မြို့တွင်းမှာကတော့ ကျနော်တို့လည်း နဂိုရ်အတိုင်းပဲ အားလုံးတော်တော်များများနေရာမှာ ကျနော်တို့ ပြန်ထိန်းချုပ်ထားတဲ့ အနေအထားတော့ရှိပါတယ်။ တမြို့လုံးကို သူတို့ ထိန်းချုပ်တာတော့ မဟုတ်ပါဘူး။ကျနော်တို့လည်း အများကြီးရှိပါသေးတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ဗန်းမော်မြို့တွင် တိုက်ပွဲဆက်ရှိနေကြောင်း၊ KIA ပူးပေါင်းတပ်၏ စစ်ကြောင်းများစွာ ရှိနေကြောင်း ၎င်းက ပြောသည်။ စစ်ကောင်စီက ဗန်းမော်တိုက်ပွဲအတွင်း KIA ပူးပေါင်းတပ်က ၄၆၀၀ ကျော် ကျဆုံးသည်ဟု ဝါဒဖြန့် သတင်းထုတ်ပြန်ခဲ့ရာ ကချင်စစ်ရေး သတင်းရင်းမြစ်က “ ငါတို့အဲဒီလောက် အင်အားမသုံးပါဘူး” ဟု ပြောပြီး စစ်ကောင်စီက ဝါဒဖြန့်ခြင်းသာ ဖြစ်ဟု ပြောသည်။