မြန်မာနိုင်ငံတိုးတက်မည်ကို မလိုလားသူများက မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို လွှမ်းမိုးသွားစေရန် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးသတင်းကို လုပ်ကြံထုတ်လွှင့်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အကြမ်းဖက် ဇော်မင်းထွန်းက နေပြည်တော်လေဆိပ်တွင် စစ်တပ်လက်အောက်ခံ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ နှလုံးရောဂါ ဆိုးရွားစွာခံစားနေရပြီး နှလုံးရောဂါအထူးကုဆရာဝန်နှင့် ပြသခွင့်ရရှိရန် တောင်းဆိုထားသော်လည်း စစ်တပ်က ငြင်းဆန်လျက်ရှိကြောင်း သားဖြစ်သူ ကိုထိန်လင်းက နိုင်ငံတကာမီဒီယာများမှတစ်ဆင့် ထုတ်ဖော်ပြောဆိုထားသည်။

အကြမ်းဖက် ဇော်မင်းထွန်းကမူ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ပြီး မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကို လွှမ်းမိုးစေရန် လုပ်ကြံထားသည့်သတင်းဖြစ်ကြောင်း၊ အချိန်မီ ဖြေရှင်းခဲ့ကြောင်း ပြောဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး ကျန်းမာရေးကောင်းပါတယ်။ (မင်းအောင်လှိုင် တရုတ်ခရီးစဉ်) သတင်းကို လွှမ်းမိုးဖို့အတွက် လုပ်ကြံတဲ့သတင်းတစ်ခုကို ထုတ်လိုက်တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို မှေးမှိန်လိုတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံကို မလိုလားတဲ့ ကျနော်တို့ တိုးတက်မှာကို မလိုလားတဲ့လူတွေက ထုတ်လွှင့်တဲ့ ထုတ်လွှင့်ချက်ဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
